ရှမ်းရွာသစ် နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား၊ကျောင်းသူလူငယ်လေးများ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေဗဟုသုတများသိုလှောင်ထားသည့် ပညာဘဏ်တိုက်စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြင်ပစာပေဗဟုသုတများ ရှာဖွေလေ့လာမှတ်သားသည့် အလေ့အကျင့်များရှိစေရန်၊ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးများကို အကျိုးပြုနိုင်မည့်လူငယ်လေးများဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ဦးစီးမှူးက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)