သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိ

သံတောင်ကြီး နိုဝင်ဘာ ၁

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြရာ သံတောင်ကြီး မြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနိုဝင်ဘာလတွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။

အဆိုပါ ဂေါ်ရခါးသီးများသည် လူကြိုက်များသည့် သီးနှံဖြစ်ပြီးကြော်စား၍သော်လည်းကောင်း၊ ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ် ချက်စားရာတွင် လည်းကောင်း စားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊  မိုး၊ ဆောင်း ရာသီမ‌ရွေး အသီးသီးပြီး ဆောင်းတွင်းကာလတွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။ 

ဂေါ်ရခါးသီးများကို အိမ်အတွင်း စားသုံးရန်အတွက်သာမက အပိုဝင်ငွေ ရရှိစေရန် ခူးယူရောင်းချလျက်ရှိပြီး သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ ရောင်းချကြသည်။ မိုးတွင်းကာလတွင် တစ်ပိဿာလျှင် ကျပ် (၁၀၀၀)အထိရရှိသော်လည်း ယခုအောက်တိုဘာလ လှိုင်လှိုင်ထွက်ရှိချိန်တွင် တစ်ပိဿာလျှင် ကျပ် (၇၀၀) ထိသာ ရရှိသည်။ ဂေါ်ရခါးပင်များသည် ရာသီမရွေး အသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေ ရရှိကာ အိမ်သုံးစရိတ် ရရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

စောမင်းသား (ပြန်/ဆက်)