ငွေဆောင် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်း ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) တိုးချဲ့စိုက်ပျိုးရေးအတွက် ငွေဆောင်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စုနှင့် ဆင်မကျေးရွာအုပ်စုရှိတောင်သူများနှင့်တွေ့ဆုံ၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ အသင်းတော်ခန်းမတွင် ယမန်နေ့ညနေ (၃) နာရီခွဲအချိန်က ကွင်းဆင်းစည်းရုံး ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ ဆောင်းသီးနှံတိုးချဲ့စိုက် ပျိုးရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများကိုထောက်ပံ့ပေးအပ်မည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မျိုးသန့်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံများအား ထောက်ပံ့မည့်အစီအစဉ်များကို တောင်သူများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆီထွက်သီးနှံများဖြစ်သည့် (နှမ်း၊ မြေပဲ၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှုနှင့် ပက်သက်သည့် နည်းပညာများကို ပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည့် အကြောင်းအရာများကိုပြန်လည်မေးမြန်းခဲ့ရာ ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆောင်းဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး ပညာပေးဆွေးနွေးပွဲသို့ ကျောက်ဖျာကျေးရွာအုပ်စုနှင့် ဆင်မကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူစုစုပေါင်း (၅၃) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
R – 014(ငွေဆောင်)