ပဲခူး နိုဝင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၏ (၂၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲကို နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်ရှိ ဥဿာသိင်္ဂီစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဥဿာသင်္ဂီစာသင်တိုက် ပဓာနနာယ၊ မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇနိယဆရာတော်ထံမှ ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင်နှင့် ဇနီးဒေါ်မြင့်မြင့်မော် အမှူးပြုသော တိုင်းဒေသကြီး၊ ခရိုင်၊ မြိူ့နယ်အဆင့် ဝန်ထမ်းမိသားစုများက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဇင်နှင့် ဇနီးဒေါ်မြင့်မြင့်မော် အမှူးပြုသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းမိသားစုများက ဆရာတော်ထံက ထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၏ (၂၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များမှ စုစုပေါင်းအလှူငွေကျပ်သိန်း (၈၀)လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)