သရက်ချောင်း နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များက စျေးအတွင်းမီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ကိရိယာများ အသင့်ထားရှိမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် စျေးသည်များနှင့် ပြည်သူများအား မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက မီးငြှိမ်းသတ်ရေးလုပ်ငန်းများအား လက်တွေ့ကျကျ သရုပ်ပြခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေးလုပ်ငန်းများကို ထိရောက်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ရှိသူများ၊ စျေးသည်များနှင့် ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)