ဟင်္သာတမြို့ ပဒေသာစျေးကြီးနှင့်ဋ္ဌေးဝင်းဈေးတို့တွင် မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဟင်္သာတ  နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ စျေးများတွင် ပြည်သူများမီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိ ကုန်စည်များ မီးဘေးအန္တရာယ် ကျ‌ရောက်မှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီက ဟင်္သာတမြို့ ပဒေသာစျေးကြီးနှင့် ဌေးဝင်းဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ စည်ပင်အမှုဆောင်အရာရှိ ဦးသက်အောင်နှင့်ဝန်ထမ်းများ၊ ပဒေသာစျေး၊ ဋ္ဌေးဝင်းစျေးတို့မှ စျေးကော်မတီဝင်များ ခရိုင်မီးသတ်ဦးစီးအရာရှိ ဦးဉာဏ်လင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊ စျေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျပ်စစ်အင်ဂျင်နီယာရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးမီးဘေး လုံခြုံရေးအဖွဲ့များနှင့် ဈေးသူဈေးသားများ ပူးပေါင်းကာ  မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေဖြင့်ပက်ဖျန်း မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြသကာ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး တာဝန်ရှိသူများက ပဒေသာဈေးကြီးနှင့် ဌေးဝင်းဈေးကြီးအတွင်းရှိ ဆိုင်များတွင်မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ကိရိယာများ အသင့်ထားရှိမှုနှင့် လျှပ်စစ်အသုံးပြုမှုများ စနစ်တကျရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြသည်။ ဟင်္သာတမြို့ ပဒေသာစျေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၂၁၀ ခန်းနှင့်ဋ္ဌေးဝင်းစျေးတွင် ဆိုင်ခန်းပေါင်း ၅၆၅ ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းနှင့် ဈေးအတွင်း မီးဘေးလုံခြုံရေးအတွက် အသင့်သုံး မီးသတ်ရေငုတ်များ၊ ရေစက်နှင့် မီးသတ်ရေပိုက်များ၊ မီးသတ်ဆေးဘူးများအပြင် သဲပုံးရေပုံးနှင့် မီးချိတ်မီးကပ်များကိုလည်း အဆင်သင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်