မြို့သစ် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ပြည်သူများလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်အတွက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မြို့သစ်ပြည်သူ့ဆေးရုံသို့ ယမန်နေ့နံနက်ပိုင်းကရောက်ရှိ၍ အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ တက်ရောက်အားပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထူးကုဆရာဝန်ကြီးများ၏ ဌာနအလိုက်ဆေးကုသမှုများ၊ ဆေးကုသရန်လာရောက်သည့် ပြည်သူများအား နှုတ်ဆက်အားပေးစကားပြောကြားကာ မြို့သစ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသလျက်ရှိသည့် လူနာ (၂၄) ဦးအား တစ်ဦးလျှင် ကြက်ဥ (၅) လုံး၊ ကွေကာအုပ် (၅) ထုတ်၊ ငွေကျပ် (၅၀၀၀/-) နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသမှုခရီးစဥ်တွင် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီး (၁၄) ဦး၊ သူနာပြု (၆) ဦးတို့သည် မြို့သစ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါလူနာ (၁၇၉) ဦး၊ ခွဲစိတ်လူနာ (၂၄) ဦး၊ သားဖွားမီးယပ်လူနာ (၄၅) ဦး၊ ကလေးလူနာ (၃၅) ဦး၊ မျက်စိရောဂါလူနာ(၁၃၂)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ (၆၂) ဦး၊ အရိုးရောဂါလူနာ (၁၅၅) ဦး၊ စုစုပေါင်းလူနာ (၆၃၂) ဦးတို့ကို ကြည့်ရှုကုသပေးခဲ့ပြီး လူနာ (၅၂) ဦးအား မကွေးတိုင်းဆေးရုံကြီးတွင် စနစ်တကျဆေးကုသမှုပေးနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)