ပန်းတောင်း နိုဝင်ဘာ ၁၂
တပ်မတော် နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ် (ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည်ယမန်နေ့ နေ့လယ်က ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာ (၃)လမ်းရပ်ကွက် ဧရာဝတီမြစ်ကမ်းသို့ရောက်ရှိလာရာ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီးကြည်အေး၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ပြည်ငြိမ်းချမ်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများမှ ကြိုဆိုခဲ့ကြသည်။
အဆိုပါ တပ်မတော် နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ် (ရွှေပုဇွန်) ဆေးကုသရေးအဖွဲ့သည် အ.ထ.က(ထုံးဘို)ကျောင်း၌ အခြေပြု၍ ယမန်နေ့နံနက်က ဆေးကုသမှုပါရဂူ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးကုသမှု၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ မေ့ဆေး၊ အရိုးရောဂါခွဲစိတ်၊ နား/နှာခေါင်း/လည် ချောင်းခွဲစိတ်၊ မျက်စိရောဂါခွဲစိတ်၊ သွားရောဂါ၊ ပြည်သူ့ကျန်းမာရေးအထွေထွေရောဂါကုသမှု ပါရဂူများမှ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးကုသမှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုများမှ အထွေထွေရောဂါ (၂၂၁ )ဦး၊ ခွဲစိတ်(၅၂)ဦး၊ သားဖွား(၁၃)ဦး၊ ကလေး(၄)ဦး၊ အရိုးအကြော(၁၄၃)ဦး၊ နား(၂၄)၊ မျက်စိ (၆၅) ဦး၊ သွားရောဂါ(၂၆)ဦး စုစုပေါင်း (၅၄၈)ဦးအား ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား တပ်မတော်နယ်လှည့်ဆေးကုသရေး မြစ်တွင်းသွားဆေးရုံရေယာဥ် (ရွှေပုဇွန်)ဆေးကုသရေးအဖွဲ့ တာဝန်ရှိသူများ၊ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး ကြည်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များက ဆေးကုသနေမှုအား ကြည့်ရှုအားပေး၍ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆေးကုသရန်လာရောက်သူများအား ကူညီပေးခဲ့ကြသည်။
လပြည့်လင်း(ပြန်/ဆက်)