ဒေးဒရဲ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၀ရက် နေ့ မွန်းလွဲ (၂) နာရီက ဆင်ကူးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ထူးက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေ လေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များ ပေါ်ထွက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို အသိပညာပေး ဟောပြောခြင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးကောင်းသူက အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးအန္တရာယ် ကာကွယ်တားဆီးရေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း