မုံရွာ နိုဝင်ဘာ ၁၂
ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၇၀၀ဦးကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက် ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများက အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်းအရှည် ၅၅၀၀ ပေ၊ အကျယ် ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ စတီးလက်ရန်းများတပ်ဆင်နေမှု၊ လျှပ်စစ်မီးတိုင်များတပ်ဆင်ခြင်း၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် မြေထိန်းနံရံလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံ ရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများ ဖြေဖျောက်စေနိုင်ရန် ကန်ပတ်ဝန်းကျင်အား သန့်ရှင်းသာယာလှပရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်းစိုပြည်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)