မန်းရွှေစက်တော်ရာဘုရားကြီးတွင် ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများနှင့် သာယာစိမ်းလန်းစိုပြည်ရေး ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မင်းဘူး(စကု)မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မန်းရွှေစက်တော်ရာဘုရားကြီးတွင် ပြည်တွင်း/ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများနှင့် ဘုရားကြီးပရိဝုဏ်ဝန်းကျင် သာယာစိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှုအား ဗုဒ္ဓပူဇနိယဘုရားပွဲတော် ကာလအမီ အချိန်မီ ဆောင်ရွက်ပြီးစီးရေးအတွက် နိုဝင်ဘာ ၁၀ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများအဖွဲ့က မန်းရွှေစက်တော်ရာဘုရား (၃)မိုင်အဝင်လမ်းတစ်လျှောက် သာယာလှပစိမ်းလန်းစိုပြည်စေရန် ဘုရားဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်  ဆောင်ရွက်နေသည့် လမ်းလယ်ကျွန်းနေရာများ၌ ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်ရှင်သန်ကြီးထွားရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် လမ်းဘေး (ဝဲ၊ ယာ)များရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။ ထို့နောက် မန်းရွှေစက်တော်ရာဘုရား (၃)မိုင်အဝင်လမ်းတစ်လျှောက် ဘုရားပွဲတော်ကာလ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့်နေရာများအား ကတ္တရာလမ်းပခုံးချဲ့ခြင်းများ ဆောင်ရွက်ရေးနှင့် လမ်းပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်နေရာများအား  ကြိုတင်ဆောင်ရွက်ထားရှိရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများအဖွဲ့သည် မန်းရွှေစက်တော်ရာဘုရား (အထက်စက်တော်ရာ)သို့ သွားရောက်၍ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဘုရားကြီး ပုရိဝုဏ်ဝန်းကျင် သာယာလှပစိမ်းလန်းစိုပြည်စေရန် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နေမှုနှင့် ဂေါပအဖွဲ့ ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပျိုးပင်များ စိုက်ပျိုးထိန်းသိမ်းထားရှိမှုများ၊ မန်းရွှေစက်တော်ရာဘုရားကြီး(အောက်စက်တော်ရာ) ပင်မဘုံဆောင်တန်ဆောင်းရှိ ပန်းဆွဲများ ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရေးနှင့် အခြားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ မန်းချောင်းရေတိုက်စားမှုကြောင့် အထက်စက်တော်ရာအောက်ခြေရှိ အတက်/အဆင်း အုတ်လှေခါး ထိခိုက်ပျက်စီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို တွေ့ဆုံကာ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၄ ခုနှစ် ၊ ဗုဒ္ဓပူဇနိယဘုရား ပွဲတော်မတိုင်မီ အမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)