မြဝတီ နိုဝင်ဘာ ၁၁
၂၀၂၃-၂၀၂၄ပညာသင်နှစ် ပြည်နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် သွားရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်ရန်အတွက် မြို့နယ်အဆင့် အားကစားသမားရွေးချယ်ပွဲကို နိုဝင်ဘာ ၉ ရက်က စတင်ခဲ့ရာ ၁၁ ရက်နေ့ထိ မြဝတီမြို့၊ မြို့မအားကစားကွင်း၌ ဆောင်ရွက်သည်။
အဆိုပါအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြဝတီမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အားကစားသမားများကို အားကစားနည်းခုနှစ်မျိုးဖြင့် မြို့နယ်ပညာရေးမှူးဦးမြင့်ဦး ဦးဆောင်သော ရွေးချယ်ရေးအဖွဲ့များက အသင်းလိုက်အောင်နိုင်ရေးအတွက် စနစ်တကျရွေးချယ်ပေးပြီး စခန်းသွင်းလေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပြည်နယ်အဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဆောင်ရွက်ပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိ၍ စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိလာကာ အားကစားနည်းလေ့လာလိုက်စားခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြတ်လာမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)