ကြံခင်းမြို့နယ်တွင် ကျောင်းသား/ သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်

ကြံခင်း နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတများတိုးပွားပြီး၊ ပြင်ပဗဟုသုတများ စုံလင်စွာရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက   ရွာသစ်ရပ်ကွက်၊ အခြေခံပညာမူလတန်း (အင်းလပ်အရှေ့)ကျောင်းတွင် ကျင်းပပြုလုပ်ပေးကြောင်း သိရသည်။

ပထမဦးစွာ အခြေခံပညာမူလတန်း(အင်းလပ်အရှေ့)ကျောင်းအုပ်ဆရာကြီး ဦးစောသန်းနိုင်က ယနေ့ဟောပြောပွဲတွင် ကျောင်းသား/သူများအနေဖြင့်    စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ပြီး အနာဂတ်နိုင်ငံသားကောင်းများစွာ ပေါ်ထွက်လာစေရေးအတွက် ပြင်ပဗဟုသုတများ စုံလင်စွာသိရှိနိုင်ရန် အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်းအား မှတ်သားကြရန် ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မျိုးဆက်သစ်လူငယ်/ရွယ်များ စာပေအပေါ်ချစ်မြတ်နိုးတတ်စေရန်၊ ဖတ်၊ မှတ်လေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ) ဦးကျော်နိုင်ဝင်းက စားသုံးရန်မသင့်သောအစားအစာများနှင့်  အချိုမှုန့်၏ဆိုးကျိုးများအား    အသိပညာပေးဟောပြောပါသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    ကျောင်းသား/သူများအား   ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားစေရေးစာအုပ်၊ စာစောင်များနှင့်  နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ(၃၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)