မြဝတီမြို့  ပညာရွှေဖူးမူလတန်းကျောင်း၌  ဘာသာစုံအမှတ်ပြည့် အေအဆင့်ရရှိသူများ ဂုဏ်ပြုဆုချီးမြှင့်

မြဝတီ နိုဝင်ဘာ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ပညာရွှေဖူးမူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စစ်ဆေးခြင်းတွင် ဘာသာစုံအမှတ်ပြည့် အေအဆင့်ရရှိသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။

ဦးစွာ မြဝတီခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦးက အဖွင့်အမှာစကားပြောကြားပေးပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင်  ကာယ၊ ဉာဏ၊  စာရိတ္တ၊ မိတ္တ၊ ရသ သက်မွေးဘက်စုံပညာရေးဆိုသည့် စနစ်သစ်ပညာရေးတွင်  ဘက်စုံလွှမ်းခြုံနိုင်ပြီး ထူးချွန်ထက်မြက်နေစေရန်လိုအပ်ပါကြောင်းနှင့်  ဆရာ၊ ဆရာမများကလည်း  စေတနာအရင်းတည်ကာ မူလတန်းအရွယ်မှစ၍ အခြေခံခိုင်မာမှုပြည့်ဝစေရန် ကောင်းမွန်စွာ သင်ကြားပြသစေလိုကြောင်း အမှာစကားပြောကြားပေးသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်ပညာရေးမှူး ဦးသန်းဆွေဦး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၂) ဦးအောင်မင်းစိုး၊  မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊  မူလတန်းကျောင်းတည်ထောင်သူ ဦးသန်းရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အတန်းလိုက် ဘာသာစုံအမှတ်ပြည့် အေအဆင့်ရရှိသော KG တန်းမှ ၁၀၀ ဦး၊ Grade-1မှ ၁၁၉ ဦး၊ Grade-2မှ ၁၀၇ ဦး၊ Grade-3မှ ၅၁ ဦး၊ Grade-4မှ ၃၈ ဦး၊ Grade-5 မှ ၁၈ ဦးတို့အား တစ်ဦးချင်းစီ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)