ပဲခူး နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတောမြတ်ကြီး၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဘုရားဖူးလာ ပြည်သူများအေးချမ်းစွာဘုရားရှိခိုးနိုင်ရေး အာရုံခံတန်ဆောင်များ သန့်ရှင်းသပ်ရပ်စေရေး အမြဲဆောင်ရွက်ရန်၊ ဘုရားပိတ်ချိန်တွင် အမှိုက်များအား စနစ်တကျသိမ်းဆည်းစွန့်ပစ်ရန်နှင့် ဘုရားပေါ်ရှိမီးဆလိုက်များ ကောင်းမွန်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန်နှင့် လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင် ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်အတွင်း လမ်းဘေး(ဝဲ/ယာ)စသည့် အများနှင့်သက်ဆိုင်သော များတို့တွင် တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ၏ ပေါင်းစုအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွန်မံနေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဝင်လမ်းပြန်လည်ပြုပြင်ရန်၊ လမ်းဘေးဝဲယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်၊ ဘုရားဝတ္တကမြေအားလုံးမြေဖို့ခြင်း လုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရေး ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်အတွင်း ထီးတော်တင်လှူပူဇော်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ပြီး ဇဗ္ဗူရတနာ ဓမ္မာရုံတည်ဆောက်ပြီးစီးမှုနှင့် အဘိုး/အဘွားဆောင်များ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး အစောင့်ရှောက်ခံ အဘိုး/အဘွားများအား ဂါရဝပြုနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)