ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ခရိုင်တွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မအူပင် နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ၂ဝ၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မအူပင်မြို့ တိုးရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝ ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ပျိုးနိုင်ရေး တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် နေကြာစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများ သုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ‌ထွေးက ခရိုင်အတွင်း ပိုက်ဆံလျှော်နှင့် နေကြာစိုက်ပျိုးမှု အခြေအနေများအားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးဦးကျော်ကျော်လှိုင်က တောင်သူများထံ ပိုက်ဆံလျှော်မျိုးစေ့နှင့် နေကြာမျိုးစေ့များ ပေးအပ်ရခြင်းနှင့်ပက်သက်၍ စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

၄င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်တို့က မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ တောင်သူများထံသို့ နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)