မကွေး အောက်တိုဘာ ၂၃
ကိုဗစ်-၁၉ ကာလအတွင်း အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းသည့် မသန်စွမ်းသူများ နေ့စဉ် အစားအသောက်နှင့် အဟာရပြည့်၀နိုင်စေရေးအတွက် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂)ရှိသူ (၃၅၀၀) ဦးအား (၁) ဦးလျှင် ငွေကျပ် (၅၀,၀၀၀/) နှုန်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အနာကြီးရောဂါသည်တွေရဲ့ ကိုယ်အင်္ဂါချို့ယွင်းမှုကို အဆင့်(၃)ဆင့် ခွဲခြားသတ်မှတ်ထားပါ တယ်၊ အဲဒီထဲက အဆင့်(၂)သတ်မှတ်ခံရတဲ့ တိုင်းဒေသကြီးအတွင်းက အနာကြီး ရောဂါ ခံစားနေရသူ (၃၅၀၀)ဦးကို တစ်ဦးကို ငွေကျပ်(၅)သောင်းနှုန်းနဲ့ နိုင်ငံတော်က ထောက်ပံ့ ပေးတာပါ၊ အနာကြီး ရောဂါနှင့်ပတ်သက်လို့ အဆင့်(ဝ) ကိုယ်အင်္ဂါမချို့ယွင်းသေးသည့်အနာကြီး ရောဂါသည် အဆင့်(၁) ကိုယ်အင်္ဂါချို့ယွင်းစ အနာကြီးရောဂါသည်နဲ့ အဆင့်(၂) ကိုယ်အင်္ဂါ ချို့ယွင်းနေတဲ့ အနာကြီးရောဂါ သည်ဆိုပြီး ခွဲခြားသတ်မှတ်ထားတာဖြစ်ပါတယ်၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကစပြီး အခြေခံ ကျန်းမာရေးဝန်ထမ်းတွေ၊ သားဖွားဆရာမတွေက အိမ်တိုင် ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနစိတ်က ကျန်းမာရေးမှူး ဦးညီညီ လွင်က ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် အနာကြီး ရောဂါခံစားခဲ့ရပြီး ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့် ၃ ဆင့်မှာ စုစုပေါင်းဦးရေ (၁) သောင်းကျော် ခန့်ရှိပြီး အနာကြီးရောဂါ တိုက်ဖျက်ရေး ဌာနစိတ်မှ ကောက်ယူထား သည့် မြေပြင်စာရင်းဇယားများအရ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂)အနာကြီး ရောဂါသည် စုစုပေါင်း (၃၅၀၀)ဦးအား ထောက်ပံ့ပေးပြီးဖြစ်ကြောင်း နှင့် ၎င်းတို့မှာ ကိုယ်အင်္ဂါ ချို့ယွင်းသည့် မသန်စွမ်းလူနာ များ ဖြစ်သည့်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး အနာကြီးရောဂါ တိုက်ဖျက် ရေးဌာနစိတ်မှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)