ဖလမ်း နိုဝင်ဘာ ၁၀
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုလေ့လာ မှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူအများကြားတွင် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများ ဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတကြယ်ဝသည့် ကျောင်းသားလူငယ်များ ဖြစ်လာစေရန်နှင့် အစုအဖွဲ့ဖြင့် ပြောဆိုတတ်သည့် အလေ့အကျင့်များ ဖြစ်လာစေရန် ရည်ရွယ်လျက် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရှလွယ်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိန်းတမ်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဟုမ်ဇထန်းဦးဆောင်မှုဖြင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ Grade-12 မှ မဂေရဲင်ကျုံးစင်မွေးနှင့် မအက်စတာငွန်ရှန်းပါရ်တို့က လူငယ်နှင့်ဘဝရည်မှန်းချက်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ Grade-11 မှ မချောနဒီခင်နှင့် မောင်ဆန်းမင်းဌေးတို့က လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ Grade-10 မှ မထောင်သင်မွေးနှင့် Grade-11 မှ မဟနဗျက်ထားမွေးတို့က လူငယ်နှင့်ခေါင်း ဆောင်မှုတို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က သိရှိလိုသည့် အကြောင်းအရာများ မေးမြန်းကြရာ ဦးဆောင် ဆွေးနွေးသူ မြို့နယ်ပညာရေးမှူး ဦးဟုမ်ဇထန်းနှင့် ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲမြင့်အောင်