လောင်းလုံး အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီက လောင်းလုံးမြို့၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးသိမ်းကအဖွင့်အမှာစကားပြောကြားရာ မကြာမီ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတော်မှချမှတ်ထားသည့် စည်းကမ်းချက်များ နှင့် အညီ တရားမျှတစွာ ကျင်းပနိုင်ရေး အထူးအလေးထား ဆောင်ရွက်စေလိုကြောင်းနှင့် ကော်မရှင် လုပ်ငန်းပိုင်းဆိုင်ရာများ၊ လုံခြုံရေးကဏ္ဍများ၊ စီမံခန့်ခွဲမှု လုပ်ငန်း များကိုပါ အသေးစိတ် ရှင်းလင်း ဆွေးနွေး မှာကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး၊ ဒေါ်ဝင်းဝင်းထက်က အသက် ၆၀ နှင့်အထက် ကြိုတင် ဆန္ဒမဲပေးရန်လိုအပ်သော ပုဂ္ဂိုလ်များနှင့် မဲရုံတွင်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ ကြိုတင် ဆန္ဒမဲပေးနိုင်ရေး ကိစ္စရပ်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်း ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ မဲရုံ အတွင်းနှင့် မဲရုံပရဝုဏ်အတွင်း Social Distancing စနစ်ထားရှိ ပြင်ဆင်ရေးကိစ္စရပ်များနှင့် မဲရုံလုံခြုံရေး ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ရပ်/ ကျေးကော်မရှင် နှင့်မဲရုံမှူးများ သိရှိနိုင်ရန် မဲရုံအပြင် အဆင်နှင့် ကိုဗစ်-၁၉ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီမဲပေးပုံ အဆင့်ဆင့်ကို Video ဖြင့်ပြသပေး မည်ဖြစ် ကြောင်းသိရသည်။
သိန်းသိန်း(ပြန်/ဆက်)