မြိတ်မြို့ အ-ထ-က(၈)တွင် ကျောင်းသား/သူလူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ

မြိတ်  နိုဝင်ဘာ   ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ-ထ-က(၈)မြိတ်တွင် ယနေ့ မွန်းလွဲ(၁)နာရီ က ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းကို လူငယ်များ အသိပညာအတတ်ပညာ ဗဟုသုတတိုးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်တတ်စေရန်၊ စင်မြင့်ပေါ်တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်များ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

 စကားဝိုင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် က အဖွင့်အမှာစကားပြောကြား၍  မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက Moderator အဖြစ် ဆောင်ရွက်၍ အထက်တန်း ကျောင်းသား/ သူ(၈)ဦးက ဦးဆောင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက  စိတ်ပါဝင်စားစွာ လိုက်နာမှတ်သား ခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စား စွာ  ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြိတ်ခရိုင်-ပြန်/ဆက်