မုံရွာမြို့ပေါ်ရှိ Clean & Green School များအား စစ်ကိုင်းတိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု Clean & Green School Award ပေးအပ်နိုင်ရေး ကြည့်ရှုစစ်ဆေး

မုံရွာ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (2023-2024 Clean and Green Schools) ပေါ်ထွန်းနိုင်စေရေးအတွက် ခရိုင်အဆင့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေ ခေါင်းဆောင်သော အဖွဲ့သည်  မုံရွာခရိုင်အတွင်း ယှဉ်ပြိုင်သည့်  အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း (မုံရွာ)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ပြီး  အခြေခံပညာကျောင်းများ၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ရွေးချယ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကွင်းဆင်းစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်ပညာရေးမှူး ဦးမြင့်ဆွေနှင့် မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း (မုံရွာ)သို့ ရောက်ရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး ကျောင်းများအတွင်း Clean & Green School နှင့် စပ်လျဥ်းပြီး ကျောင်းသား၊ ကျောင်းသူများက အသိပညာပေး ပန်းချီ၊ ကာတွန်း၊ ကဗျာများဖြင့်ပြိုင်ပွဲဝင်ပြသထားရှိမှုများအား ကြည့်ရှုစစ်ဆေးအကဲဖြတ်ကာ ပထမ၊ ဒုတိယ၊ တတိယဆုများကိုရွေးချယ်ပေးခဲ့သည်။

ဆက်လက်ပြီး  စစ်ဆေးရေးအဖွဲ့သည် အဆိုပါကျောင်းရှိ ဘုရှားခန်းတွင် ကျောင်းသူ၊ ကျောင်းသားများ ဘုရားဝတ်ပြုပူဇော်မှု၊ ကျောင်းစာကြည့်တိုက်အတွင်း စာအုပ်စာပေများ လေ့လာဖတ်ရှုမှုနေမှု၊ သိပ္ပံလက်တွေ့သင်ထောက်ကူပစ္စည်းများ ထားရှိမှု၊ ကျောင်းမုန့်ဈေးဆိုင် များ စနစ်တကျရောင်းချမှု၊ ကျောင်းပျိုးဥယျာဥ်အတွင်း အသင်းလိုက် သီးပင်စားပင်များနှင့် ပရဆေးပင်များ စိုက်ပျိုးထားရှိမှု ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအခြေခံစံနှုန်းနှင့် အညွှန်းကိန်းများကို အခြေခံ၍ အဆိုပြုကျောင်းများသို့ အချိန်ဇယားအလိုက် ကွင်းဆင်းအကဲဖြတ် စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ အဆိုပါ စစ်ရေးအဖွဲ့သည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (အလုံ)ရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး ကျောင်းဝန်းအတွင်း Clean & Green School အဖြစ် စီစဥ်ဆောင်ရွက်ထားရှိသော ကျောင်းပျိုးဥယျာဥ်၊ ကျောင်းမုန့်ဈေးဆိုင်၊ အမှိုက်များ စနစ်တကျစွန့်ပစ်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုတို့အား သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအခြေခံစံနှုန်းနှင့် အညွှန်းကိန်းများကို အခြေခံ၍ အဆိုပြုကျောင်းများသို့ အချိန်ဇယားအလိုက် ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)