ဘားအံ နိုဝင်ဘာ ၁၀
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ သီရိကွင်း၌ နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ မြန်မာ့ရိုးရာလက်ဝှေ့ အောင်လံလုပွဲများ နှင့်အထူးစိန်ခေါ်ပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီတွင် အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ အောင်လံလုပွဲနှင့် အထူးစိန်ခေါ်ပွဲများဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့် အားပေးခဲ့ကြသည်။
ယင်းနောက် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့် ကြားပွဲစဉ်များအဖြစ် ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ယှဉ်ပြိုင်ခဲ့ကြရာ ကြားပွဲများအဖြစ် အမျိုးသား ၂၄ ပွဲ၊ အမျိုးသမီး ၁ ပွဲ တို့အပြင် ရိုးရာလက်ဝှေ့ အောင်လံ ဗိုလ်လုပွဲများနှင့် အထူးစိန်ခေါ်ပွဲများဖြစ်သော သွေးသစ်ဝင်းလှိုင်(Familyဝမ်ချိုင်း)နှင့် ကျော်စွာဝင်း(M2K-မန္တလေး) တွဲဆိုင်း၊ ရန်နိုင်ထွန်း(ဇွဲကပင်မြေ)နှင့် တောက်ရှား(ဇာထက်မိတ္ထီလာ) တွဲဆိုင်း၊ သွေးသစ်မောင်(အဖြူရောင် သွေးသစ်)နှင့် မိုးထက်အောင်(Familyဝမ်ချိုင်း)တို့တွဲဆိုင်း၊ စူပါရေချမ်း (တန်၉၀၀ဘိလပ်မြေစက်ရုံ)နှင့် ထက်နိုင်အောင် (ရွှေသထုံ)တွဲဆိုင်း၊ စိန်လုံးချော(အောင်နိုင်သူ)နှင့် နက္ခအောင်(ဇွဲကပင်မြေ)တွဲဆိုင်း၊ ရွှေရိုင်း(ရွှေဖူး)နှင့်အောင်ဟိန်း (ရွှေကုက္ကိုလ်)တွဲဆိုင်း၊ အောင်ထက်ဟိန်း (ဇွဲကပင်မြေ)နှင့်ချစ်ဝိုင်းဝိုင်း(ဇာနည်းသွေး)တွဲဆိုင်း၊ လှိုင်းထက်အောင် (ရွှေကုက္ကိုလ်)နှင့်ဒေါနကျော်ကျော် (Tiger)တွဲဆိုင်းတို့က (၅)ချီ အထူးစိန်ခေါ်ပွဲအဖြစ် ဘတစ်ပြန် ကျားတစ်ပြန် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး သွေးသစ်ဝင်းလှိုင်(Familyဝမ်ချိုင်း)နှင့်ကျော်စွာဝင်း(M2K-မန္တလေး) တွဲဆိုင်းသည် အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေရရှိခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လက်ဝှေ့ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လက်ဝှေ့သမားများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိကွင်း၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးဆိုင်တန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၉ ရက်ညက ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြသော ဒုံးရင်းတိုက်နယ်စုပေါင်းဒုံးအဖွဲ့၊ ဌာနပေါင်းစုံ စုပေါင်းဒုံးအဖွဲ့၊ ဘားအံမြို့တော်စုပေါင်းဒုံးအဖွဲ့၊ ကောပေါ့မျိုးဆက်သစ်အားမာန်ဒုံးအဖွဲ့၊ ပိုင်ကျုံမြို့ နယ်ကိုယ်စားပြုဒုံးအဖွဲ့၊ ထုံးအိုင်တိုက်နယ်ကိုယ်စားပြု ခြံကလေးဘုန်းတော်ကြီးသင်ပညာရေး ဒုံးအဖွဲ့၊ ဘားကပ်တိုက်နယ် ရသေ့ပျံကျေးရွာစုပေါင်းဒုံးအဖွဲ့၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြုဒုံးအဖွဲ့၊ ငြိမ်းချမ်း ပန်းခက် BGF ယဉ်ကျေးမှု မောင်မယ်ဒုံးအဖွဲ့၊ ဝတ်ကြီးတိုက်နယ် မုက္ကဒိကျေးရွာစုပေါင်းဒုံးအဖွဲ့တို့က အသီးသီး ယှဉ်ပြိုင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး ဒုံးအကပြိုင်ပွဲများအား တာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ဒုံးအကပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်ဒုံး အသင်းများအား နိုဝင်ဘာ ၁၀ ရက်နေ့ညပိုင်းတွင် ထိုက်ထိုက်တန်တန် ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)