ကန့်ဘလူမြို့ အထက(၁)၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ

ကန့်ဘလူ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဦးဆောင်ဆွေးနွေးသူ အဖြစ် ပါဝင်ဆောင်ရွက်ပြီး အထက(၁) G- 10 ကျောင်းသူ မခင်ခင်ဦးသာက လူငယ်နှင့် ကိုယ်ကျင့်တရား၊ G- 10 မှ မခွန်းဆင့်သွယ်က လူငယ်နှင့် မူးယစ်ဆေးဝါး၊ G- 11 မှ မောင်ဇင်ကိုကိုထက်က လူငယ်နှင့် ရည်မှန်းချက်၊ G- 10 မှ မသရဖီဖြိုးက လူငယ်နှင့်အားကစား၊ G- 10 မှ မသူသူထက်အောင်က လူငယ်နှင့်ယဥ်ကျေးမှု၊ G- 10 မှ မခက်ဆုရည်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ G-11 မှ မောင်ကျော်ငြိမ်းဝင်းက လူငယ်နှင့် စာပေနှင့် G- 10 မှ မနန်းမွန်ဦးက လူငယ်နှင့် အနာဂတ် စသည့်ခေါင်းစဥ်များအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးပြောကြားချက် များအပေါ်သိရှိလိုသည်များကို ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)