ချောင်းဦး အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရွှေကူကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ အသက်(၄၀)၊ အသက်(၂၂)၊ အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ် (၃) ဦးသည် ချောင်းဦးမြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမှတ် ၄၊ အမှတ် ၅၊ အမှတ် ၆ အဖြစ် ရောဂါပိုး တွေ့ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် သီးသန့်ထားရှိကုသပေးလျက်ရှိရာ ယခုအခါ ကျန်းမာရေး ကောင်းမွန်ပြီး ရောဂါပျောက်ကင်းသွား၍ ယနေ့နံနက် (၁၀) နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အမျိုးသမီးငယ် (၃) ဦးဆေးရုံမှ ဆင်းခွင့်ပြုချိန်၌ အနီးကပ်ကုသမှုပေးခဲ့သော ဆရာဝန်ကြီး ဒေါက်တာကျော်ထွန်းဦးမှ မိမိနေအိမ်တွင် သီးခြား (၇) ရက် နေထိုင်နေစဉ် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ရောဂါပျောက်ကင်းအောင် ကုသပေးခဲ့ သည့် ဆရာဝန်ကြီးအား အမျိုးသမီး (၃) ဦးက ဂါရဝပြု ကန်တော့ခဲ့ပြီး မြို့နယ်ပြည်သူ့ ဆေးရုံ ဝန်ထမ်းများမှ ရောဂါပျောက်ကင်းသည်ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးငယ် (၃) ဦးအား ဂုဏ်ပြုပန်းစီးများ ပေးအပ်ခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၇) ဦး တွေ့ရှိခဲ့ရပြီး ပထမ တွေ့ရှိသူ (၃)ဦးနှင့် ယခုဆေးရုံမှ ဆင်းခွင့်ပြုသူ (၃) ဦး စုစုပေါင်း(၆)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေသူ မင်းခေါင်ကျေးရွာမှ အသက်(၄၁)နှစ်အရွယ် အမျိုးသားတစ်ဦးသာ ကျန်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရသည်။ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ထွန်းဦးကိုယ်တိုင် ဆေးရုံမှ ဆင်းသည့် အမျိုးသမီးငယ် (၃) ဦး၏ အိမ်သို့ ကိုယ်တိုင်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင် (ပြန်ဆက်)