မြဝတီ နိုဝင်ဘာ ၁၀
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်ရေး ရဲတပ်ဖွဲ့စု (မြဝတီ)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီတွင် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်များအနေဖြင့် လိမ္မာရေးခြား ရှိစေရေး အသိပညာ၊ အတတ်ပညာ သာမက ပြင်ပစာပေ ဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်ရေး ရဲတပ်ဖွဲ့စု (မြဝတီ)မှ ရဲအုပ်နိုင်ထွန်းက လူကုန်ကူးမှု ဆိုင်ရာ ကာကွယ်သတိပြုရမည့် အချက်များ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်စန်းက သက်ငယ် မုဒိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှုမှ ကာကွယ်ရေး ပလတ်စတစ်အိတ် သုံးစွဲမှုလျော့ချရေးတို့ကို အသီးသီး ဟောပြောပေးသည်။
ထို့နောက် ဟောပြောပေးသည့် အကြောင်းအရာအလိုက် ပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန်သည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးပြီး ကလေးအလုပ်သမား ပပျောက်ရေး စွန့်ပစ်ပစ္စည်း စနစ်တကျ စီမံခန့်ခွဲမှုနှင့် လူကုန်ကူးမှုကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင် ပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)