ကော့သောင်းခရိုင်တွင် ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပ

ကော့သောင်း နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်(၁၀:၀၀)အချိန်က ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အဖွင့်အမှာစကား ပြောြကားရာတွင် ခရိုင်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွား (agency) များအနေဖြင့် မိမိတို့ဒေသရှိ လည်ပတ်စရာနေရာများနှင့် ကျွန်းများအား ဒေသကို ချစ်စိတ်ဖြင့် ပြင်ဆင်ဆောင်ရွက်ကြစေလိုကြောင်း၊ ခရီးသွားများ လာရောက်လည်ပတ် ရာတွင်လည်း အခက်အခဲများ မရှိစေရေး၊ ဝန်ဆောင်မှုများပေးရာတွင်လည်း သက်သာသော နှုန်းထားများဖြင့် ဝန်ဆောင်မှုပေးစေလိုကြောင်း၊ နိုင်ငံရပ်ခြားခရီးသွားများ လာရောက်လည်ပတ်သည့်အခါတွင်လည်း တစ်နေထဲ၌ ဝန်ဆောင်မှု အပြည့်အဝ ရရှိနိုင်စေရေးနှင့် မိမိတို့ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများ ရှိပါက တင်ပြဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဌေးလွင်က ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့် ခရီးသွားမူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ပိုမိုအောင်မြင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် ကော့သောင်းမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး Dr အောင်ကျော်စိန်က ဟိုတယ်နှင့် ကျွန်းများပေါ်တွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသော ကျောင်းသားများအား ဦးစားပေးခန့်ထားနိုင်စေရေး၊ စနစ်တကျ သင်ယူထားသော ကျောင်းသားများအား ခန့်ထားခြင်းဖြင့် ခရီးသွားများ၏ ဘေးအန္တရာယ် လုံခြုံမှုများကို ပိုမို အလေးထားဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အဲ့ဒီနောက် တက်ရောက်လာကြသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၏ အခက်အခဲများ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပြီး ခရီးသွားလုပ်ငန်းအောင်မြင်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)