ဟားခါး နိုဝင်ဘာ ၁၀
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခြင်းဟာ ချင်းပြည်နယ်၏ လူငယ်ကဏ္ဍ မြှင့်တင်ရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ကြောင်း၊ ကောင်းမွန်မှန်ကန်သော အသိတရားများကို အခြေခံအုတ်မြစ်တစ်ခုအဖြစ် တည်ဆောက်ပြီးမှသာ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဗလငါးတန် ပြည့်စုံလာမှသာ ကျန်းမာကြံ့ခိုင်သော၊ ပညာရည်မြင့်မားသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာပြီး လူ့စွမ်းအား အရင်းအမြစ်ကို တည်ဆောက်ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၊ ပညာစွမ်းအားဆိုသည်မှာ သင်ရိုးညွှန်းတမ်း စာအုပ်ထဲမှ ကျောင်းသင်ခန်းစာများကို အခြေခံပြီး ပတ်ဝန်းကျင်ကို ကြည့်တတ် မြင်တတ်ခြင်း၊ လူ့အဖွဲ့အစည်းအကျိုးအတွက် ပြုပြင်အသုံးချနိုင်စွမ်းရှိခြင်း၊ စာသင်ခန်းနံရံကို ကျော်ပြီး ကမ္ဘာကြီး၏ ငြိမ်းချမ်းမှု၊ သာယာဖွံ့ဖြိုးမှု၊ တိုးတက်မှုများကို မြင်အောင်၊ သိအောင်၊ နားလည်အောင်နှင့် လက်တွေ့ပါဝင်လုပ်ဆောင်နိုင်ခြင်းကို ဆိုလိုပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် အနာဂတ်လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျရှိစေမည့် “လူ့ကျင့်ဝတ်” နှင့် “ပညာစွမ်းအား” ကို လက်တွေ့ကျကျ ကျင့်သုံးတတ်သော ကျောင်းသားလူငယ်များ ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးစေ လိုကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အမိမြန်မာပြည်တွင် မွေးဖွားရခြင်း၊ မြန်မာနိုင်ငံသား ဖြစ်ရခြင်းကို ဂုဏ်ယူတတ်ပြီး မိမိနိုင်ငံဂုဏ်တက်အောင် စွမ်းဆောင်ပေးမည့် နိုင်ငံသားကောင်းများ ဖြစ်ထွန်းလာသည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့သည် ဖွံ့ဖြိုးမှု၊ လွတ်လပ်မှု၊ တန်းတူအခွင့်အရေးရရှိမှု၊ ငြိမ်းချမ်းမှုများ ပြည့်ဝသည့် ဒီမိုကရေစီထွန်းကားရာ မြန်မာ့လူ့အဖွဲ့အစည်းဆီသို့ အားသွန်ခွန်စိုက်ချီတက်နိုင်မည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြား သည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်လွင်က ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေ ရေးအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်သီချင်း” ဂုဏ်ပြုသီဆိုခြင်းနှင့် ချင်းတိုင်းရင်းသားရိုးရာအကများဖြင့် ဂုဏ်ပြုကပြဖျော်ဖြေကြသည်။
ထို့နောက် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်၊ နှစ်ဝက်စာမေးပွဲတွင် စာပေထူးချွန်ကျောင်းသား၊ ကျောင်းသူ (၁၈) ဦး၊ ရိုးရာအကအဖွဲ့၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများ၊ ချင်းတိုင်းရင်းသား ရိုးရာ ဂုဏ်ပြုအကအဖွဲ့နှင့် ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည့်အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုူရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ ဟားခါးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဟားခါးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက အ.ထ.က (၁)၊ Grade-12 တွင် စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအတွက် စတီးဆွမ်းအုပ် အလုံး(၅၀)နှင့် စတီးဇွန်း အချောင်း(၅၀)နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးသက်က အခြေခံပညာကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် အစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဟားခါးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်းက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်ဝင်းက “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောကြသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ရိုးရာအကများဖြင့် ကပြဖျော်ကြပြီး အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွှန့်က “လူငယ်နှင့် ပညာရည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဟုန်းကီးက “အဆိုးရွားပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက “တိုင်းရင်းသားတို့၏ စကား၊ စာပေများကို နိုင်ငံတော်၏ ပညာရေးမူဝါဒကို မထိခိုက်စေပဲ သင်ကြား၊ သင်ယူခွင့်ရှိသည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဟားခါးခရိုင်ဦးစီးမှူး ဦးဂိုဇခုပ်က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစံကုန်းက “မြေပြိုဘေး၊ မီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး အန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ကျော်လင်းဦးက “လူငယ်နှင့် မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် လည်းကာင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးအောင်နိုင်က “လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယရဲမှူးကျော်စိုးနိုင်က “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကြပြီး ဟောပြောချက်များအပေါ် မေးခွန်းများမေးမြန်းပြီး ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )