လှိုင်းဘွဲ နိုဝင်ဘာလ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ စကားပြောစွမ်းရည် တိုးတက်လာစေရန်အတွက် မြို့နယ်အဆင့် စကားရည်လုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် လှိုင်းဘွဲမြို့နယ် ဒုတိယပညာရေးမှူး ဒေါ်နှင်းနန္ဒာလင်းလင်းစောက အဖွင့်အမှာစကားနှင့် အမှတ်ပေး စနစ်များအား ရှင်းလင်းပြောကြားပြီး အမှတ်ပေးဒိုင် လူကြီးများအဖြစ် အ.ထ.က(ကပ္ပလီ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစန်း၊ လှိုင်းဘွဲမြို့ အ.လ.က(၂)မှ ကျောင်း အုပ်ဆရာကြီး ဦးမျိုးမြတ်လွင်နှင့် အ.လ.က(ပေါလောက်-တောင်ကလေး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲနုစင်မွန်တို့မှ ဆောင်ရွက်ကြသည်။ ထို့နောက် လှိုင်းဘွဲမြို့ယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ စုစုပေါင်း (၁၈) ဦးက တစ်ဖွဲ့လျှင် (၃) ဦးစီဖြင့် အဖွဲ့ခွဲ၍ “အခြေခံပညာကျောင်းများတွင် ဆဲလ်ဖုန်းအသုံးပြုခွင့်ပေးရန်” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲမှ အမှတ်အများဆုံး ရရှိသော ပြိုင်ပွဲဝင် (၃)ဦးအား (၂၁-၁၁-၂၀၂၃မှ ၂၃-၁၁-၂၀၂၃) ရက်နေ့အထိ ကျင်းပမည့် ပြည်နယ်အဆင့် စကားရည်လုပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
စောဖိုးခွါး (ပြန်/ဆက်)