ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၀) မိုင်ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ကော့သောင်း  နိုဝင်ဘာ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၀) မိုင်ခန်းမ၌ လူငယ်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များ ပိုမိုပြည့်ဝစေပြီး စာဖတ်ခြင်း အလေ့အထ ပိုမိုတိုးပွားလာစေ၍ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာကြစေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်တင်သူဇာလှိုင်က လူငယ်စကားဝိုင်း ကျင်းပရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းခွဲ (၁၀) မိုင် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ဆောင်ရွက်ခဲ့ပြီး Grade-9 မှ မောင်အောင်ထွန်းဦးက လူငယ်နှင့်မူးယစ်ဆေးဝါး Grade 10​ မောင်ထွန်းသာက လူငယ်နှင့်ဆိုရှယ်မီဒီယာ Grade- 10 မှ မမေမြတ်နိုးက လူငယ်နှင့်ကိုယ်ကျင့်တရား စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား စွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)