ဖာပွန်မြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချ

ဖာပွန် အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈) အုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(၁၆)ဦးအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ပို့ချခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသောက ယခုလ (၂၈) ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး အတွက် သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်မင်းထွန်းက ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား  ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍  မြေပြင်တွင် လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများအား စာတွေ့လက်တွေ့ သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (၁၆) ဦးအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)