မုံရွာမြို့၌ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းတန်ဖိုးမြင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ (မွမ်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

မုံရွာ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး မိမိတို့ဒေသ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း  တန်ဖိုးမြင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ Incubation Centre သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်မောင်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချမည့် ဘာသာရပ်မျိုးစုံကို အတတ်လေ့လာသင်ယူ သွားကြစေကြောင်း၊ ပြည်သူများအတွက် ထိထိရောက်ရောက် အကျိုးရှိအသုံးချနိုင်အောင် ကြိုးစားသင်ယူပေးကြစေကြောင်းနှင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း  တန်ဖိုးမြင့် စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုံရွာမြို့နယ် ရွာတုံခေတ်မီစံပြကျေးရွာမှ အခြေခံသင်တန်းတက်ရောက်အောင်မြင်ပြီးသည့် ယခုမွမ်းမံ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးမြင့်စားသောက်ကုန် (Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများအပေါ် အခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး ဒေသတွင်းဈေးကွက်၌ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများအား ပြည်သူများ အတွက် ရောင်းချနိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်ရန်၊ ကျေးလက်နေ ပြည်သူများ စီးပွားရေးအခွင့်အလမ်း ပိုမိုရရှိနိုင်ရန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးတို့အပြင် အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်း (၁)ခုဖြစ်ပြီး မုံရွာမြို့ စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးဇုန် ရွာတုံကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၁၂)ဦးအား သင်တန်းနည်းပြဆရာ၊ ဆရာမများက နံကထိုင်အမျိုးမျိုး၊ လျှာပေါ်ဝဲအမျိုးမျိုး၊ နှမ်းကပ်ကွတ်ကီးအမျိုးမျိုး၊ နှမ်းကပ်ပေါင်မုန့်၊ ကြက်ဥထောပတ်ပေါင်မုန့်၊ ကြက်ဥပူတင်း စသည့် ထုတ်လုပ်မှုနည်းပညာ(၂၀)မျိုးအား သင်တန်းကာလ နိုဝင်ဘာ(၉)ရက်နေ့မှ စတင်ပြီး နိုဝင်ဘာ (၁၅)ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းနှင့် မွမ်းမံသင်တန်းတွင် ထူးချွန်သင်တန်းသား (၅)ဦး ရွေးချယ်၍ လိုအပ်သော စက်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးပြီး ကုန်ထုတ်လုပ်ငန်းရှင်များ ဖြစ်လာ သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး  စစ်ကိုင်းခရိုင်အတွင်းရှိ ဆင်တပ် ကျေးရွာတွင် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်း၊ ရွှေကြက်ထောင့် ကျေးရွာ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ မြို့ပေါ်ရပ်ကွက်များတွင် အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့မ(၂) ရပ်ကွက်တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွန်နောက်ပြောင်ကျေးရွာတွင် ဒေသတစ်ခုထုတ်ကုန် တစ်ခု ဆောင်ရွက်မည့်လုပ်ငန်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုးချဲ (၁)ရပ်ကွက်၊ လဟယ်မြို့တွင် အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ မုံရွာခရိုင်အတွင်း ရွာတုံကျေးရွာတွင် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးဇုန် မုံရွာမြို့နယ်တွင် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်း(၉)ခုကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)