နတ်တလင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ တတိယအကြိမ်မြောက်ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က သာဇီရပ်ကွက်၊ အတွင်းသာစည်လမ်း မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ရှိသည့် ဇေယျဝတီပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဦးဇဋိလနှင့်ပင့်သံဃာ(၂၅)ပါး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဝေစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စုပေါင်းမဟာဘုံကထိန်ပွဲအား ဆရာတော်သံဃာတော်များနှင့်ဧည့်ပရိသတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဦးဇဋိလထံမှာ ငါးပါသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များကိုချီးမြှင့်ခဲ့ပြီး ဆရာတော် သံဃာတော်များအား ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဝတ္ထုငွေ ၂,၃၄၅,၀၀၀ ကျပ်နှင့် ပစ္စည်းတန်ဖိုးငွေ ၄,၁၁၀,၆၀၀ ကျပ်၊ စုစုပေါင်း ၆,၄၅၅,၆၀၀ ကျပ်အား မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဘဒ္ဒန္တဦးဇဋိလမှ လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ တရားနှင့် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းရသည့် အကျိုးကျေးဇူးတရားဟောကြားပြီး အမျှတန်းဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)