ဖောင်းပြင်မြို့နယ်၊ နန်းပန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းချေးငွေများ ထုတ်ချေး

ဖောင်းပြင် အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ဌေးနှင့် ဝန်ထမ်းများက နန်းပန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယမန်နေ့က ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာခဲ့ရာ  စိုက်ပျိုးရေးကို အားထားလုပ်ကိုင်သည့် အသင်းသား/သူ ၁၃၁ ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၄၉၃ သိန်းကို ကျေးရွာမှ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်ရေး ကော်မတီဝင်များနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅- ၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအနေဖြင့် ၂၀၁၉- ၂၀၂၀ ခုဘဏ္ဍာနှစ် တွင် စီမံကိန်းမှ အတိုးရငွေများ၏ ၅၀ ရာခိုင်နှုန်းနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာ တွင်းလမ်း ကျောက်ရောမြေခင်းခြင်းနှင့် ကွန်ကရစ်တံတားတို့ကို ဆောင်ရွက်ထားရှိကြောင်း ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။

ကိုထွန်း (ဖောင်းပြင်)