မြောင်းမြ အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀) နှစ်ထိ အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ယမန်နေ့နံနက် (၉) နာရီက ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရုံးနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန/ခွဲများ၌ အခမဲ့ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးသည် အိတ်ပီဗီ ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပေါ်တတ်သော ကင်ဆာရောဂါများကို ကာကွယ် နိုင်ကြောင်းနှင့် အသက်(၉)နှစ်မှ အသက်(၁၀) နှစ်ထိ အမျိုးသမီးငယ်များကို ထည့်သွင်း ထိုးနှံပေးခြင်း ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ တင့်တင့်ကျော်က အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မြောင်းမြမြို့နယ်တွင်အသက်(၉) နှစ်မှ အသက်(၁၀) နှစ်ထိရှိ အမျိုးသမီးငယ်(၂၈၉၁) ဦးရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အောက်တိုဘာလ (၂၁) ရက်မှ (၂၇) ရက်အထိ (၇) ရက်ကြာအခမဲ့ ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)