သာယာဝတီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-သုံးဆယ်)၌ လူငယ်စကားဝိုင်းကျင်းပ

 သာယာဝတီ နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်နှင့် လူအများရှေ့၌ပြောဆိုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က- သုံးဆယ်)ပီမိုးနင်းခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိမ်းလဲ့လဲ့က လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ ကျောင်းသားကျောင်းသူများဖြစ်သော Grade-11 မှ မောင်အောင်မြတ်သူက "လူငယ်နှင့်အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနီလာအောင်က  "လူငယ်နှင့်စာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမျိုးရည်ရွယ်နှင်းက "လူငယ်နှင့် အနာဂတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မရွှေမိုးသဲက "လူငယ်နှင့် ပညာရေး"၊ Grade-9 မှ မနိုဘယ်လွင်လွင်က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဆွေးချက်များအပေါ် တက်ရောက်လာသော  ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း (၁၅၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)