ဟားခါး နိုဝင်ဘာ ၉
၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရအဆိုပြုစီမံကိန်းလုပ်ငန်းလျာထားချက်များအား ရှင်းလင်း တင်ပြခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဒေသန္တရအဆိုပြုစီမံကိန်း လုပ်ငန်းများလျာထားရာတွင် ထိရောက်သည့် စီမံကိန်းများဖြစ်ရန် အဓိကလိုရင်းဖြစ်ပါကြောင်း၊ စီမံကိန်းများလျာထားရာတွင် ဒေသတစ်ခု၌ ပုံအောလျာထားခြင်းမျိုးမဟုတ်ဘဲ တတ်နိုင်သမျှ မျှမျှတတ လျာထားဆောင်ရွက်ရန်လိုကြောင်း၊ မျှမျှတတဖြစ်စေရန် စီမံကိန်းအကျိုးပြု အိမ်ထောင်စု၊ လူဦးရေနှင့် မြို့ပြ၊ ကျေးရွာစသည့် အချက်များအပေါ် အခြေခံရမည်ဖြစ်သကဲ့သို့ ချင်းပြည်နယ်၏ အခြေအနေအရ အမှန်တကယ်ဆောင်ရွက်နိုင်မည့်အခြေအနေရှိ မရှိနှင့် ကြပ်မတ်နိုင်မည့် အခြေအနေရှိ မရှိတို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထည့်သွင်းစဉ်းစားရမည့်အခြေခံအချက်များကို အခြေခံ၍ ထိရောက်သည့် ဒေသန္တရစီမံကိန်းများဖြစ်စေရန် ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို အချိန်နှင့်တပြေးညီတင်ပြဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာခရိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စသည့် အာဏာပိုင်အဖွဲ့အစည်းများ၏အနီးကပ် ကြပ်မတ် ကွပ်ကဲဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲ ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အဆိုပြု လျာထားမှုအခြေအနေကို ယခင်ဘဏ္ဍာရေးနှစ်လျာထားချက်များနှင့် နှိုင်းယှဉ်၍ရှင်းလင်းတင်ပြ သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဖွံ့ဖြိုးရေးဆောင်ရွက်နေသောဌာနများ ဖြစ်သည့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ အမှတ်(၃)ကုန်းမြင့်ဒေသလယ်မြေဖော်ထုတ်ရေးစီမံကိန်းရုံး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပြည်နယ် ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုလျာထားခဲ့သည့် လုပ်ငန်းစီမံကိန်းများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်မှူးနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့ က အကြုံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)