ချောင်းသာ အောက်တိုဘာ ၂၂
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင်ခြင်းကိစ္စ၊ ကြိုတင်မဲများကောက်ယူရန်ကိစ္စ၊ ကြိုတင်မဲများအား ထိန်းသိမ်းရေးကိစ္စ၊ မီးမရရှိသေးသော ကျေးရွာမဲရုံများတွင် မီးလင်းရေးကိစ္စ၊ မဲရုံလုံခြုံရေးကိစ္စ စသည်တို့အတွက် ညှိနှိုင်းဆောင်ရွက်ခြင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချောင်းသာမြို့ စုပေါင်းရုံးအစည်းအဝေး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များမှ ညှိနှိုင်းရာတွင် လက်ရှိ Quarantine Center လုပ်ထားတဲ့ မဲရုံများကိုအောက်တိုဘာလ (၂၈)ရက်နေ့မှစတင်ပြီး ပိုးသတ်ဆေးဖြန်းခြင်း၊ မဲရုံပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ အောက်တိုဘာလ (၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက် နေ့အထိ ကြိုတင်မဲ ကောက်ယူရန် ကိစ္စများကို ရွေးကောက်ပွဲ ကော်မရှင်များမှဆောင်ရွက်ရန်၊ ကောက်ယူ ရရှိထားသည့် ကြိုတင်မဲ များကို ချောင်းသာနယ်မြေ ရဲစခန်းတွင် ထိန်းသိမ်းထားရှိရန်၊ ကျေးရွာများရှိ မီးမရသေးသည့် မဲရုံများကို မြို့လျှပ်စစ်ဦးစီးဌာနမှ ဆောင်ရွက်ပေးရန်၊ မဲရုံလုံခြုံရေးများအတွက် အတွင်းစည်း အပြင်စည်းများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ အထူးရဲများမှ စောင့်ကြပ်ထိန်းသိမ်းရန်တို့အတွက် ညှိနှိုင်း ဆောင်ရွက်ကြသည်။
ချောင်းသာမြို့ပေါ်တွင် မဲရုံ(၄)ရုံနှင့် ကျေးရွာအုပ်စုများတွင် မဲရုံ(၅)ရုံ စုစုပေါင်း မဲရုံ(၉)ရုံဖြင့် ချောင်းသာဒေသနေ ပြည်သူများအတွက် မဲထည့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)