ဘားအံ နိုဝင်ဘာ
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇)နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ဘားအံမြို့ သီရိကွင်း၌ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်း ရိုးရာယဉ်ကျေးမှုများ၊ စာပေများ၊ ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပြည်သူများလေ့လာနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ပြခန်းများကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၀)ရက်နေ့ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြခန်းများတွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဌာနဆိုင်ရာ ပြခန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်း ပြခန်းများ၊ စက်မှုလက်မှု (MSMEs) ပြခန်းများ စုစုပေါင်း (၃၆)ခန်း ပြသထားကြောင်းသိရသည်။
ခင်းကျင်းပြသထားသော ပြခန်းများသို့ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနေ့စဉ် လာရောက်ကြည့်ရှုလေ့လာကြကြောင်းနှင့် ခင်းကျင်းပြသမှု အကောင်းဆုံး ဆုများရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြခန်းကြီးကြပ်ရေး အထောက်အကူပြုလုပ်ငန်းကော်မတီထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)