ဟားခါး နိုဝင်ဘာလ ၉
ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း ( ၂/၂၀၂၃ ) အစည်း အဝေးကို နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် ဝန်ကြီးချုပ်ရုံးခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီအနေဖြင့် ရေရှည်တွင် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည့် အရေးကြီးပြီး အရေးပါသည့်လုပ်ငန်းစဉ်များကို စိစစ်ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ကောက်ယူခဲ့ သည့် မြေပြင်စာရင်းအရ ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် မသန်စွမ်းသူအများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး ဖလမ်းမြို့နယ်သည် အနည်းဆုံးမြို့နယ်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မသန်စွမ်းမှု အမျိုးအစားအလိုက် မသန်စွမ်းသူလူဦးရေစာရင်းနှင့် မသန်စွမ်းဖြစ်ရခြင်း အကြောင်းရင်းများကိုပါ အသေးစိတ်သိရှိမည်ဆိုပါက လေ့ကျင့်ပေးမှုဖြင့် တိုးတက်နိုင်ပြီး မိမိခြေထောက်ပေါ်မိမိ ပြန်လည် ရပ်တည်နိုင်မည့်အုပ်စုကို ရွေးထုတ်ခြင်းစသည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့က ၂၀၁၀ ခုနှစ်မှ ယခုနှစ် ခုနှစ် အလိုက် မသန်စွမ်းသူစာရင်းကို စာရင်းပြုစုပေးစေလိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းနှင့် ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဦးစီးမှူး ဦးသူရထွေးတို့က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ချင်းပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)