မြဝတီမြို အ.ထ.က(၃)၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော

မြဝတီ နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ  ကျောင်းသား/ကျောင်းသူ၊  လူငယ်/လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် သိရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောသည်။

ဟောပြောပွဲတွင်  အမှတ်(၃၂)   မူးယစ်တပ်ဖွဲ့စု (မြဝတီ)မှ တပ်စုမှူးရဲမှူး ရဲနိုင်က စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်တွင်  မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊  မူးယစ်ဆေးအစဆေးလိပ်က ဆိုသည့်အတိုင်း ငယ်ရွယ်စဉ်မှစ၍  မူးယစ်ဆေးဝါး စမ်းသပ်သုံးစွဲမှု မပြုကြစေလိုကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ကျန်းမာရေး၊ လူမှုရေး၊  စီးပွားရေး  ထိခိုက် ပျက်စီးသည်အထိ ဖြစ်ပေါ်လာနိုင်ကြောင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပေးပြီး  ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည့်အချက်များမေးမြန်ရာ  ပြန်လည်ဖြေကြားကာ   အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

အလားတူ အသိပညာပေးဟောပြောပွဲများကို မြဝတီမြို့နယ်အတွင်းကျန်ရှိသည့်  အခြေခံပညာကျောင်းများတွင် ဆက်လက်ဟောပြောပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)