မင်းဘူးမြို့၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆဌမအကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

မင်းဘူး နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင်တို့က ခရိုင်နှင့် မြို့နယ်များတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးဆိုင်ရာကိစ္စများ၊ ဌာနဆိုင်ရာရုံးများ ရုံးတွင်း/ရုံးပြင်သန့်ရှင်းရေးနှင့် ရုံးလုံခြုံရေး ကြပ်မတ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူလူထု သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးရေးကိစ္စရပ်များ၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်ကိစ္စများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် ထုတ်ချေးထားသည့် ချေးငွေများ သတ်မှတ်ကာလအတွင်း အတိုးနှုန်းထားများ ပြန်လည်ပေးဆပ်ရန်နှင့် ကြွေးကျန်မရှိရေး ဆောင်ရွက်သွားရန်ကိစ္စများ၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းဆိုင်ရာများ၊ စက်တပ်ယာဉ်များ စီးနင်းသွားလာရာ၌ သတ်မှတ်ထားသော ယာဉ်စည်းကမ်း/ လမ်းစည်း ကမ်းများအပြင် ဒေသန္တရအမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စီးနင်းသွားလာရေးဆိုင်ရာကိစ္စရပ်များနှင့် ဆဌမအကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများစသည့်အချက်များကို ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)