ပိုင်ကျုံ အောက်တိုဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်းကို အောက်တိုဘာလ(၁)ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်က သင်တန်းသာများ၊ တာ၀န်ရှိသူများနှင့် တွေ့ ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရဲမှူးကြီးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် အထွေထွေရွေး ကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံးတစ်ပြိုင်တည်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲ လုံခြုံရေးတာ၀န်များ ထမ်းဆောင်ရမည်ဖြစ်သောကြောင့် တာ၀န်၀တ္တရားများ စနစ်တကျ ထမ်းဆောင်ရန်၊ သင်တန်းကာလအတွင်း မိမိအခက်အခဲများ ပွင့်ပွင့်လင်းလင်း တင်ပြနိုင် ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ဖွင့်လှစ်သော သင်တန်းဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် ပြောကြားပြီး သင်တန်းဆိုင်ရာများနှင့် ပတ်သက်သည့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ပိုင်ကျုံမြို့အတွင်းရှိ အထူးရဲတာဝန် ဆောင်ရွက်မည့် သင်တန်းသား (၅၇) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကြီးကြပ်သူအဖြစ် ပိုင်ကျုံနယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး ဘတိုးနှင့်အဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ သင်တန်းကာလမှာ အောက်တို ဘာလ(၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သွားသင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)