နတ်မောက် နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာတို့ ပူးပေါင်း၍ မူလတန်းအဆင့်ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကလေးငယ်များဘဝ စွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မူလတန်းအဆင့်ကျောင်းသား/သူများဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူလေးများမှ “ ဗုံကြီးသံ” ကဗျာဖြင့်လည်းကောင်း၊ “ ဒုံးယိမ်းက” ကဗျာဖြင့်လည်းကောင်း တေးသရုပ်ဖော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများမှ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့သည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများ၊ မူလတန်း အဆင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများစုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့သည်။
လှဝင်း