သရက်ချောင်း နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရန်၊ ဉာဏ်ရည်/ရည်သွေးထက်မြက်စေရန်၊ ကာယ၊ ဉာဏစွမ်းရည်မြင့်မားစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲများဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ပြိုင်ပွဲများ၏ စည်းမျဉ်း/ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပုံပြောပြိုင်ပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ကျောင်းသား/သူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ဆုရရှိသော ကျောင်းသား/သူများကို တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စာအုပ်စာစောင်များ ခင်းကျင်း ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာခဲ့ကြကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)