ချောင်းဦး အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား နိုင်ငံ KOPIA -RDA တို့ပူးပေါင်း၍ ချောင်းဦးမြို့နယ် တောင်သူများအား ဂျုံသီးနှံမျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေဩဇာဖြန်းဖြူး ပေးအပ်ပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က တောကျောင်းကြီး ကျေးရွာ ပေါက်အင်း စိုက်ကွင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးထွန်းရှိန်တို့မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသန်းက မျိုးကောင်း မျိုးသန့်များ အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဇလုတ်ခြံတာဝန်ခံ ဒေါက်တာ ကျော်စွာဝင်းက ဂျုံသီးနှံမျိုးကောင်းမျိုးသန့် နှင့် ဓာတ်မြေဩဇာများ ပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်း (IPM) အကြောင်း၊ သဘာဝ ပိုးနှင်ဆေး၊ မှိုသတ်ဆေး၊ အားဆေးပြုလုပ်နည်း များ အကြောင်း ကိုဆွေးနွေးပြီး၊ မြေဆီဩဇာထက်သန်ပြီး မြေအဆင့် အတန်း မြင့်မား လာစေရန်အတွက် ဓာတ်မြေဩဇာများ အလွန်မသုံးဘဲ EM ဖြင့်ဘိုကာရှီပြုလုပ် သုံးစွဲရန်လည်း ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ဂျုံမျိုးကောင်း မျိုးသန့်နှင့် ဓာတ်မြေဩဇာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူများအား ပေးအပ်ခဲ့ကြသည်။
ချောင်းဦးမြို့နယ် ခင်မွန်နည်းပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ရန်အောင်မြေကျေးရွာ တောင်သူ ဦးဝင်းအောင်ကလည်း ကူညီထောက်ပံ့သော မျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေဩဇာများကို အကျိုးရှိစွာ အသုံးချ သွားပြီး ရရှိလာသည့် မျိုးကောင်း မျိးသန့်များကို တောင်သူများအား ဆက်လက် ဖြန့်ဖြူးပေးသွား မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းရှိန်၊ တိုင်းမျိုးစေ့ တာဝန်ခံ ဒေါ်မင်းမင်းသန်း၊ ပေါက်အင်းခြံတာဝန်ခံ ဦးလှမိုး၊ ဇလုတ်ခြံတာဝန်ခံ ဒေါက်တာ ကျော်စွာဝင်း၊ ချောင်းဦးမြို့နယ် စိုက်ပျိုး ရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးနှင့်ဝန်ထမ်းများ၊ ချောင်းဦးမြို့နယ် ခင်မွန်နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ရန်အောင်မြေကျေးရွာနှင့် မကျည်းခွ နည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေ အတွင်းရှိ မှန်ချိုကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)