ရှမ်းရွာသစ် နိုဝင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသနေပြည်သူများစုပေါင်း၍ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိသော စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို ယမန်နေ့က ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဌာနဆိုင်ရာပဒေသာပင်များ၊ ဒေသနေပြည်သူများ၏ ပဒေသာပင်များနှင့် ကထိန်သင်္ကန်းများကို ရိုးရာဓလေ့များအတိုင်း ရပ်ကွက်များအတွင်း လှည့်လည်ခြင်း၊ သန္တိသုခဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း လက်ယာရစ်(၅)ပတ်လှည့်လည်ခြင်း၊ ကထိန်မီးပုံးများလွှတ်တင်ခြင်းများကို ဆောင်ရွက်ပြီးနောက် အလှူရှင်များမှ လှူဒါန်းထားသော စတုဒိသာများကို မဟာဘုံကထိန်ပွဲကြီးသို့ လာရောက်သည့် ဧည့်ပရိသတ်များက ပျော်ရွှင်စွာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း၊ လူသုံးကုန်ပစ္စည်း ရောင်းဆိုင်များ၊ အစားအသောက် ရောင်းဆိုင်များနှင့် ကလေးပစ္စည်းအရောင်းဆိုင်များမှလည်း နှစ်စဉ်ယခုလိုအချိန်ရောက်လျှင် လာရောက်ရောင်းချရသဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များထံမှ ဩကာသကန်တော့ချိုးဖြင့် ရွတ်ဆိုခြင်း၊ ငါးပါးသီလဆောက်တည်ခံယူခြင်း၊ ကထိန်သင်္ကန်းကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခံယူခြင်းတို့ကို ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများနှင့် ဧည့်ပရိသတ်များက စုပေါင်း၍စိတ်အေးချမ်းသာစွာဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)