ကလိန်အောင် နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုနှစ် ခြံဖွင့်ရာသီစတင်ချိန်၌ ရော်ဘာဈေးနှုန်းပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရရှိကြောင်း ဒေသတွင်းရာဘာစိုက် တောင်သူများထံမှ သိရသည်။
"ခြံက အစေးစပြီး ခြစ်နေပြီ၊ အစဆိုတော့ အစေးအထွက်နည်းသေးတယ်၊ မနှစ်ကထက်တော့ ဈေးပိုရပါတယ်၊ ခုအချိန်က ခြံထဲကထွက်သလောက် တစ်ပတ်၊ ဆယ်ရက်တစ်ခါစုပြီး ရောင်းတာပေါ့၊ ခုချိန်က မိုးလေမမှန်သေးဘူးဆိုတော့ ရသလောက်နဲ့ နေလှမ်းပြားဘဲ ရောင်းပါတယ်၊ ခြံဖွင့်အစေးစခြစ်တဲ့ ရာသီရောက် နေပြီဆိုပေမယ့် ကျွမ်းကျင်တဲ့ ရော်ဘာအငှားခြစ်သူတွေ ရှာရခက်ပြီး အငှားခက်လာတာကြောင့် ဒီနယ်တကြောမှာတော့ မခြစ်နိုင်ကြသေးတဲ့ ခြံအတော်များ ပါသေးတယ်" ဟု ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောသည်။
မနှစ်က ရော်ဘာတစ်ပေါင်လျှင် ငွေ ၁၂၀၀၊ ၁၃၀၀ ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်တွင် ၁၃၅၀၊ ၁၄၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ကာ နေလှန်းပြားများကိုသာ လာရောက် ရောင်းချသူများကြောင်း ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"အရောင်းအဝယ် စဖွင့်တာက တစ်လလောက်ရှိပြီ၊ ဖွင့်ချိန်က မှိုင်းခံရော်ဘာတစ်ပေါင်ကို ၁၃၅၀၊ ၁၄၀၀ကျပ်နဲ့ ဈေးဖွင့်ဝယ်တယ်၊ ဈေးကမတည်ငြိမ်သေးဘူး တက်လိုက်ကျလိုက်နဲ့ ခုချိန်မှာတော့ အလွတ်တစ်ပေါင်ကို ငွေ ၁၅၅၀၊ ၁၅၇၀ ကျပ်၊ နေလှမ်းပြားကတော့ ငွေ ၁၄၅၀ ကျပ်နဲ့ ဝယ်ယူနေတယ်"ဟု ရော်ဘာရောင်းဝယ်ရေးမှ ဆိုင်ရှင်တစ်ဦးကပြောသည်။
ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြရာ ဥယျာဉ်ခြံများတွင် ရော်ဘာ၊ ကွမ်းသီး၊ သံပုရာ၊ သီဟိုဠ်ပင် အစရှိသည့် နှစ်ရှည်သီးနှံပင်များကို စီးပွားရေးအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)