မြောင်းမြတွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့သူ တစ်ဦး၏ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်လှူဒါန်း

မြောင်းမြ အောက်တိုဘာ  ၂၂

မြန်မာ့လွတ်လပ်ရေးအတွက် ၁၉၄၂ ခုနှစ်တွင် "မျိုးချစ်တပ်မတော်" ၌ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားဗိုလ်ဇေယျ (လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်) အငြိမ်းစား-ကွယ်လွန်သူ၏ ကျန်ရစ်သည့် အမှတ်တရပစ္စည်းများကို ကျန်ရစ်သူမိသားစုများက နိုင်ငံတော်သို့ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်က မြောင်းမြမြို့၊ အမှတ်၄ ရပ်ကွက်၊ တာဝတိံသာ ၂ လမ်းရှိ နေအိမ်၌ ကျင်းပရာ မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

အငြိမ်းစား ဗိုလ်ဇေယျ မှာ  တာဝတိံသာလမ်းနေအိမ်၌  ၂၀၁၁ ခုနှစ်က ကွယ်လွန်ခဲ့ပြီး ဗိုလ်ဇေယျ၏ လွတ်လပ်ရေးမော်ကွန်းဝင် (ဒု) အဆင့် ရင်ထိုးတံဆိပ်နှင့် စစ်ဘက်ဆိုင်ရာ ရင်ထိုးတံဆိပ်များ၊ ဗိုလ်ဇေယျ အမည်ပါ (၃၇) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားစာ စသည်တို့ကို ကျန်ရစ်သူ ဇနီးဖြစ်သူ ဒေါ်တင်လှက ပေးအပ်လှူဒါန်းခြင်းဖြစ်ကာ တပ်မတော်စစ်သမိုင်းပြတိုက်တွင် အများပြည်သူ လေ့လာသိရှိနိုင်ရန် ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကေခိုင်စိုး(မြောင်းမြ)