(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများ ကြည့်ရှု၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ယှဉ်ပြိုင်မည့် ကျောင်းသားအားကစားအဖွဲ့အား ထောက်ပံ့ငွေပေးအပ်

ဘားအံ နိုဝင်ဘာ ၈

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ သီရိကွင်း၌ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်ရိုးရာဒုံးအကပြိုင်ပွဲများ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပွဲများနှင့် ဌာနဆိုင်ရာ ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ဌာနဆိုင်ရာပြခန်းများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာနပြခန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာနပြခန်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်း၊ လျှပ်စစ်၊ စည်ပင်၊ သစ်တော၊ ဆောက်လုပ်ရေးပြခန်း၊ လူမှုဝန်ထမ်း၊ ပညာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးပြခန်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ လှည့်လည်ကြည့်ရှုအားပေးပြီး အကောင်းဆုံးပြခန်းများကို စိစစ်ရွေးချယ်၍ နိုဝင်ဘာ ၁၀ ရက်နေ့တွင်ကျင်းပမည့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုဆုများပေးအပ်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၇ ရက်နေ့၊ ညနေပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ရန်ကုန်နှင့်နေပြည်တော် (ဗဟိုဇုန်)တွင် ကျင်းပမည့် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ဘားအံပညာရေး ဒီဂရီကောလိပ် ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုပြိုင်ပွဲသည် ပညာရေးဒီဂရီကောလိပ်ကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင် ကြရမည်ဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းအလိုက် အကောင်းဆုံးယှဉ်ပြိုင်ကြရမည်ဖြစ်သလို ကျောင်း၏ဂုဏ်၊ ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ်ယှဉ်ပြိုင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံပညာရေးဒီဂရီကောလိပ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခဲ့ပြီးနောက် ကျောင်းသားအားကစားအဖွဲ့များအတွက် တာဝန်ရှိသူတစ်ဦးအား ထောက်ပံ့ငွေများပေးအပ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)