ပဲခူး နိုဝင်ဘာ ၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်အတွက် ဗလငါးတန်နှင့်ပြည့်စုံသော သားကောင်းရတနာ၊ သမီးကောင်းရတနာ၊ မျိုးဆက်သစ်များ ဖြစ်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးရာတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုအခြေခံသည့် အနုသုခုမပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်း၊ သိမ့်မွေ့နက်နဲပြီး အဆင့်အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုများ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ရှေးမူမပျက်ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ် လူငယ်၊ မောင်မယ်များကြားတွင် မြတ်နိုးတန်ဖိုးထား လေးစားတတ်စေရန်အတွက် နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် ပဲခူးတိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၁၇)ခု၊ ကြေးတံဆိပ်(၁၁)ခု၊ နှစ်သိမ့်ဆု(၁)ခုနှင့် အထူးဆု(၃)ခု စုစုပေါင်းဆုတံဆိပ်(၄၀)ခုရရှိခဲ့ကြောင်း၊ နောင်နှစ်များတွင် ဆုတံဆိပ်များ ပိုမိုတိုးတက်ရရှိစေရေးအတွက် လိုအပ်သည်ကို ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင်သင်ကြားပေးခြင်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်များအနေဖြင့် ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ မတိမ်ကောမပပျောက်စေရန်နှင့် အဓွန့်ရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးကြစေလိုကြောင်း ဂုဏ်ပြုအမှာ စကားပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ပြုဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပထမဆုရွှေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ဒုတိယဆုငွေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တတိယဆု၊ နှစ်သိမ့်ဆု၊ အထူးဆုနှင့် နည်းပြများအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပထမရွှေတံဆိပ်ရရှိသူများက သီဆို၊ ကပြ၊ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆုရပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)